Wednesday, December 1, 2010

အမေ လူထုဒေါ်အမာရဲ့ မွေးနေ့

စာရေးဆရာ၊ သတင်းစာဆရာမကြီး လူထုဒေါ်အမာ၏ ၉၅ နှစ်ပြည့် မွေးနေ့ဆွမ်းကပ် လှူဒါန်းပွဲကို နိုဝင်ဘာလ ၂၉ ရက်၊ နံနက် ၁၀ နာရီက စစ်ကိုင်းတောင်ရိုး၊ မြစကြာကျောင်းတိုက်၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ မွေးနေ့ ဆွမ်းကပ်လှူဒါန်းပွဲတွင် ဆရာမကြီး လူထုဒေါ်အမာ၏ သားသမီးများနှင့် စာပေတပည့် သားမြေးများက မြစကြာကျောင်းတိုက်၊ ပဓာနနာယက ဆရာတော် အရှင်ဣန္ဒကာဘိဝံသ အမှူးပြုသော ကျောင်းတိုက်တွင်းရှိ ရဟန်းသာမဏေ ၂၆၈ ပါးကို ဆွမ်း လောင်းလှူဒါန်းပြီး ရေစက်ချ အမျပေးဝေကာ ကြွရောက်လာသော ဧည့်ပရိသတ် အပေါင်းအား နံနက်စာဖြင့် တည်ခင်းဧည့်ခံကြသည်။

သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာကို ၁၉၁၅ ခုနှစ်က မန္တလေးမြို့တွင် မွေးဖွားခဲ့ပြီး ၁၉၃၆ ခုနှစ်မှစ၍ ခင်လှဝင်း၊ မြမဉ္စူ၊ သပိတ်မှောက် ကျောင်းသူ မအမာ စသော ကလောင်အမည်များဖြင့် အိုးဝေမဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်း၊ ဗားမားဂျာနယ် တို့တွင် ၀တ္ထုဆောင်းပါးများ စတင် ရေးသားခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် ကြီးပွားရေး ဦးလှနှင့် လက်ထပ်ခဲ့သည်။ ဆက်လက်၍ ၁၉၄၅ တွင် လူထုဂျာနယ်နှင့် ၁၉၄၆ တွင် လူထုသတင်းစာတို့ကို ခင်ပွန်းသည်နှင့်အတူ ထုတ်ဝေခဲ့ပြီးနောက် လူထုဒေါ်အမာ ကလောင်အမည်ဖြင့် ဘာသာပြန်များ၊ နိုင်ငံရေး ဝေဖန်သုံးသပ်ချက်များ၊ ယဉ်ကျေးမှု အနုပညာဆိုင်ရာများနှင့် ပတ်သက်သော စာအုပ်စာတမ်းများ ရေးသားခဲ့သည်။ ၁၉၈၅ ခုနှစ် အသက် (၇၀)ပြည့်မှစ၍ စာပေတပည့် သားမြေးများက မွေးနေ့အခမ်းအနားကို အမရပူရ၊ တောင်လေးလုံး ကျောင်းတိုက်၌ စတင် ကျင်းပခဲ့ပြီး နှစ်စဉ်မပျက် ကျင်းပခဲ့သော တောင်လေးလုံး မွေးနေ့ပွဲများသည် ဆရာမကြီး၏ ခိုင်မာသော စာပေသြ၀ါဒများကို အစဉ်အဆက် ခံယူခဲ့သည့် မွေးနေ့အ ခမ်းအနားများအဖြစ် ထင်ရှားကျော်ကြားခဲ့သည်။ ၂၀၀၈ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ဆရာမကြီး လူထုဒေါ်အမာသည် မန္တလေးမြို့ နေအိမ်၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ပြီး ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်(၉၃)နှစ်မြောက် မွေးနေ့ အခမ်းအနားကို မန္တလေးမြို့ မဟာဝိဇိတာရုံ ကျောင်းတိုက်၌ ကျင်းပခဲ့ ပြီး (၉၄)နှစ်မြောက် မွေးနေ့ အခမ်းအနားကို ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့က စစ်ကိုင်းတောင်ရိုး ဟံသာဂီရိကျောင်းတိုက်၌ ကျင်းပခဲ့ကာ ယခုနှစ် နိုဝင်ဘာ ၂၉ ရက် (၉၅)နှစ်မြောက် မွေးနေ့အခမ်းအနားကို စစ်ကိုင်းတောင်ရိုး မြစကြာ ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment