Wednesday, December 1, 2010

မြန်မာနိုင်ငံက GSM များ ပြည်ပတွင်ပါသုံးနိုင်ရန်စီစဉ်

မြန်မာနိုင်ငံ အပါအ၀င် အာဆီယံနိုင်ငံများ၏ နိုင်ငံတွင်းသုံး GSM ဖုန်းများကို အာဆီယံဒေသတွင်း နိုင်ငံများ အချင်းချင်း သယ်ဆောင်အသုံးပြုနိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြပြီဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြည်တွင်း မီဒီယာများသို့ ပြောကြားလိုက်သည်။

ထိုသို့ နိုင်ငံဖြတ်ကျော် အသုံးပြုနိုင်မှု သဘောတူညီချက် တည်ဆောက်ပြီးခဲ့လျှင် လက်ရှိ ပြည်တွင်း၌ GSM ဖုန်း အသုံးပြုနိုင်သော မြို့ ၈၅ မြို့ ရှိပြီး ဖုန်းအလုံးရေ ငါးသိန်းခန့် ရှိနေသော GSM ဖုန်းများကို အာဆီယံနိုင်ငံများသို့ သယ်ဆောင်သွားကာ အသုံးပြုနိုင်မည် ဖြစ်သလို ထိုနိုင်ငံများမှ ဖုန်းများကိုလည်း ပြည်တွင်းသို့ ယူဆောင်လာကာ အသုံးပြုနိုင်မည် ဖြစ်သည်။ ထိုစီမံကိန်းကို ၂၀၁၁ ခုနှစ်အတွင်း အပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး ထိုစီမံကိန်းအတွက် GSM ဖုန်းများကိုလည်း နိုင်ငံအနှံ့ သုံးစွဲနိုင်ရန် ဆောင်ရွက်မည်ဟု သတင်းရရှိသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့ခံ ဖုန်းပွဲစား တစ်ဦးက “အဲဒီလို GSM တွေက လုပ်နိုင်လာရင် ပေါက်ဈေး ဆယ်သိန်းအောက်ကို မကျနိုင်လောက်တော့ဘူးလို့ ထင်နေကြသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အာဆီယံနိုင်ငံတွေနဲ့ မြန်မာပြည်ကို ကိုယ်ပိုင်ဖုန်းသယ်သွားဖို့ လိုလောက်အောင် အိမ်ဦးနဲ့ ကြမ်းပြင် သွားလာနေသူတွေ အရေအတွက်ကလည်း ပြည်တွင်းမှာ ပြောပလောက်အောင် မများတာမို့ ဈေးဆက်တက်ဖို့တော့ မမြင်မိပါဘူး။ နောက်တစ်ချက် ထည့်စဉ်းစားရမှာက ကျွန်တော်တို့ဆီက GSM ဖုန်းပေါက်ဈေးက ဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်ရင်တောင် များနေပါသေးတယ်။ ဒီလို ဟိုကဖုန်းတွေ ဒီကို သယ်လာပြီး သုံးလို့ရပြီဆိုရင် ထိုင်း-မြန်မာနယ်စပ်က ဖုန်းတွေ ပြည်တွင်းကို ၀င်လာမှာပေါ့။ သဘောပြောတာပါ။ ဒါဆို ဖုန်းဘေလ်က ဘယ်လိုတွေ ဖြစ်မလဲ။ ကန့်သတ်ချက်တွေ ရှိလာမှာပါ။ ဒီစနစ်ကို ဘယ်လို စနစ်တကျ အကောင်အထည် ဖော်ကြမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါပဲ။ ဘာပဲပြောပြော ပိုတိုးတက်လာတဲ့ ကိစ္စမို့ ဂုဏ်ယူဝမ်းသာပါတယ်” ဟု သူ၏အမြင်ကို mmDailyNews သို့ ပြောပြခဲ့သည်။

လက်ရှိ ပြည်တွင်းတွင် စတင်ချပေးခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု ကျော်လွန် ခဲ့ပြီ ဖြစ်သော GSM ဖုန်းအရေအတွက်မှာ ငါးသိန်းခန့်သာ ရှိသေးသော်လည်း လွန်ခဲ့သော လပိုင်းကမှ ချပေးခဲ့သော ငါးသိန်းတန် CDMA 450 MHz အမျိုးအစား နေပြည်တော်ဖုန်းများမှာ အရေအတွက်အားဖြင့် ငါးသိန်းနှစ်သောင်းကျော်တော့မည် ဖြစ်သည်။

ထိုသို့ ဖြစ်ရခြင်းမှာ ထိုဖုန်းများ၏ ပေါက်ဈေးသည် GSM ထက် သက်သာခြင်း၊ နယ်မြို့များအတွက် အားထားရာ ကွန်ရက် ဖြစ်ခြင်း၊ လက်ရှိပြည်တွင်းရှိ မြို့ ၂၁၅ မြို့တွင် အသုံးပြုနိုင်မည့် မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံး မိုဘိုင်းဖုန်းကွန်ရက် ဖြစ်ခြင်း၊ ဖုန်းလိုင်းကောင်းမွန်ခြင်း စသည့် အချက်များကြောင့် ဖြစ်သည်ဟု သုံးစွဲသူအချို့က ဆိုကြသည်။

GSM ဖုန်းများကို အင်တာနက် သုံးစွဲနိုင်စေရန် 2G အဆင့်နှင့် 2.5G အဆင့်များမှ 2.75G အဆင့်သို့ တိုးမြှင့်ပေးကာ အင်တာနက် သုံးစွဲစေနိုင်မည်ဟူသော အချက်နှင့် အာဆီယံနိုင်ငံများသို့ သယ်ဆောင်သွားနိုင်ပြီး ပြည်တွင်း ကွန်ရက်ကိုလည်း ချဲ့ထွင်တော့မည် ဆိုသော အချက်များကြောင့် ပြည်တွင်း ဈေးကွက်တွင် GSM နှင့် CDMA ဖုန်းများ၏ အားပြိုင်မှုကို ဆက်လက် စောင့်ကြည့်ရဦးမည် ဖြစ်ပေသည်။

No comments:

Post a Comment